International News

ရုရှားနိုင်ငံ၌ ဆန်ဈေးသည် ၁ နှစ်ခွဲအတွင်း ၂၀-၃၀ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ရုရှားတွင် ထုတ်လုပ်ခြင်းမရှိဘဲ ပြည်ပမှတင်သွင်းနေရသည့် ဆန်လုံးရှည် (Long-grain rice)သည် လွန်ခဲ့သည့် ၁ နှစ်ခွဲအတွင်း ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်လာခဲ့ကြောင်း ရုရှားကောက်ပဲသီးနှံသမဂ္ဂဥက္ကဋ္ဌ Mr. Arkady Zlochevsky က TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသားများသည် နှစ်စဉ် ဆန်တန်ချိန် ၁ သန်း စားသုံးကြပြီး ထိုအထဲမှ တန်ချိန် ၂၀၀,ဝဝဝ ခန့်သည် ဆန်လုံးရှည်များဖြစ်ကြောင်း သမဂ္ဂအကြီးအကဲက ပြောကြားသည်။ ရုရှားနိုင်ငံ၌ ဆန်လုံးတို(round-grain rice)သည် ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပသို့ တင်ပို့ရန်အတွက်ပါ လုံလောက်မှုရှိကြောင်း၊ ဆန်လုံးတိုထုတ်လုပ်နိုင်မှုသည် ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တိုးလာမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရာသီတွင် ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၁.၂ သန်းမှ တန်ချိန် ၉ သိန်းဝန်းကျင်သို့ ကျဆင်းခဲ့ပြီး ယခုရာသီတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ဆန်တန်ချိန် ၁.၁ သန်းခန့်အထိ ထုတ်လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း Zlochevsky မှ သုံးသပ်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအတွင်း၌ ဆန်လုံးတိုသည် ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလုံအလောက်ရှိသော်လည်း ဆန်လုံးရှည်သည် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ ရုရှားနိုင်ငံသို့ ဆန်လုံးရှည်အဓိကတင်ပို့လျက်ရှိသော နိုင်ငံများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။

Source : https://tass.ru/ekonomika/18362805

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: International News